(အီးမေးလ်မှ သတင်းပေးပို့လက်ခံရရှိသည်)
pls see the latest update for the kid operation. The status has been updated at our post at Facebook.
လူ့ဘ၀ဆိုတာ ရခဲပါတယ်။ အဲဒီလိုရခဲလှတဲ့ လူ့ဘ၀လေးမှာ ကောင်းမွန်စွာ ရှင်သန်နေနိုင်ဖို့က ပိုပြီးအရေးကြီးလှပါတယ်။ ဒီကလေးလေးဟာ သူ့အသက်နဲ့မမျှတဲ့ အသည်းရောဂါဝေဒနာကို ခံစားနေရရှာပြီး အကြီးစားခွဲစိတ်ကုသမှုကို အချိန်မီရရှိနိုင်မှသာ အသက်ဆက်လက် ရှင်သန်နိုင်မှာဖြစ်ပါတယ်။ ငွေကြေးပိုင်းမှာ အခက်အခဲကြီးမားစွာ ဖြစ်နေသည့်အတွက် မိမိတို့တတ်စွမ်းသလောက် ၀ိုင်းဝန်းကူညီပေးကြမယ်ဆိုရင် ရခဲလှတဲ့ ဒီအသက်လေးတစ်ချောင်းဟာ သူ့ဘ၀လေးကို ဆက်လက်ပျော်ရွှင်စွာ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။
၂၆၊ နိုဝင်ဘာ၊ ၂၀၁၁
ကလေးနာမည်က မောင်သန်းဇော်ဦးပါ။ အသက်က ရနှစ်ပါ။ ဖခင်ကတော့ မရှိတော့ပါဘူး။ သူခံစားနေရတဲ့ရောဂါက အသည်းမှာ ရေအိတ်တည်နေတာပါ။ လက်ရှိ စစ်တွေမှာရှိနေပြီး မိခင်ဖြစ်သူနှင့်အတူ တနင်္ဂနွေနေ့ကို ရန်ကုန်ကိုရောက်ပါမယ်။တနင်္လာနေ့မှာ ရန်ကုန်ကလေးဆေးရုံကြီးကို တင်မှာဖြစ်ပါတယ်။ ရရှိရသမျှအခြေအနေများကို ဆက်လက်တင်ပြသွားပါမယ်။
၂၇၊ နိုဝင်ဘာ၊ ၂၀၁၁
မောင်သန်းဇော်ဦးရန်ကုန်သို့ရောက်ရှိပါပြီ။ သူနှင့်အတူ မိခင်၊ အဒေါ်နှင့် ၇လသားညီလေးပါလာပါတယ်။ မနက်ဖြန် အလုံကလေးဆေးရုံကြီးကိုတင်မှာဖြစ်ပါတယ်။
၂၈၊ နိုဝင်ဘာ၊ ၂၀၁၁
မောင်သန်းဇော်ဦးအား ကလေးဆေးရုံကြီး အဆောင် ၁၊ အခန်း ၂၊ ကုတင် ၃ တွင်တင်ထားပြီး လိုအပ်သော ဆေးစစ်မှုများကိုပြုလုပ်လျက်ရှိပါသည်။
၅၊ ဒီဇင်ဘာ၊ ၂၀၁၁
မောင်သန်းဇော်ဦးအား အလုံကလေးဆေးရုံကြီးတွင် တင်ထားပြီး 64 CT Scan ရိုက်ပြီးသွားပါပြီ။ ၆ ရက်နေ့တွင် ဆေးစစ်ချက်အဖြေများရရှိပြီး ကလေး၏အခြေအနေမှာ အသည်းတစ်ခုသာထိခိုက်နေပြီး ကျန်သောကိုယ်တွင်းအင်္ဂါများမှာ ကောင်းမွန်စွာအလုပ်လုပ်လျက်ရှိသည်ဟု သိရှိရပါသည်။ ဆရာဝန်များ၏ ထပ်မံညွှန်ကြားချက်အရ ယနေ့ ၇ရက်နေ့တွင် ဆေးစစ်ရန်နောက်ဆုံးလိုအပ်အချက်အနေဖြင့် ရင်ဘတ်ဓါတ်မှန်ရိုက်ပါမည်။ ခန့်မှန်းထားသည့်အတိုင်း အစစအရာရာအဆင်ပြေပါက နောက်အပါတ်တွင် ခွဲစိတ်မှုကို ပြုလုပ်မည်ဟု ဆရာဝန်များက အကြောင်းကြားထားပါသည်။
လက်ရှိကောက်ခံရရှိသောအလှူငွေများမှာ မြန်မာ၊ စင်ကာပူ၊ ဒူဘိုင်းနှင့် အမေရိကမှဖြစ်ပြီး စုစုပေါင်း ၃၅ သိန်းကျော်ရရှိပြီဖြစ်ပါသည်။ ဆရာဝန်များ၏ ကြိုတင်ခန့်မှန်းကုန်ကျစရိတ်မှာ ၁၀ ~ ၃၀ သိန်း ဖြစ်သဖြင့် ခွဲစိတ်မှုကုန်ကျစရိတ် လုံလောက်ပြီဟု လတ်တလောအနေဖြင့် သတ်မှတ်နိုင်ပါသည်။ သို့ဖြစ်ပါ၍ အလှူငွေကောက်ခံခြင်းကို ရပ်လိုက်ပြီး ခွဲစိတ်မှုပြီးနောက်ထပ်မံလိုအပ်ဦးမည်ဆိုပါက လှူဒါန်းရန်စိတ်ဝင်စားသော အလှူရှင်များအား အကြောင်းကြားပေးပါမည်။
မောင်သန်းဇော်ဦးဓါတ်ပုံနှင့်အကူအညီလိုအပ်ကြောင်းပို့စ်ကိုတင်ပြီးသည့်ရက်မှစ၍ တစ်ပါတ်ကျော်အတွင်း ယခုကဲ့သို့လုံလောက်သောအလှူငွေများရရှိသည့်အတွက် မောင်သန်းဇော်ဦးနှင့်မိသားစုကိုယ်စား အထူးပင်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။ လှူဒါန်းကြသောအလှူရှင်အပေါင်းအားလည်း ကျမ မဆုမွန်အောင်၊ မမိုးမိုးအေးဒွေး၊ မငြိမ်းနုဖြူ နှင့် ကာယကံရှင်မိသားစု တို့မှ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါသည်။ ခွဲစိတ်ပြီးအခြေအနေကိုလည်း ဓါတ်ပုံနှင့်တကွ တင်ပေးပါမည်။
လှူဒါန်းထားကြသောအလှူရှင်များအနေဖြင့်ယခင်ဆက်သွယ်ရန်ပေးထားသော ဖုန်းနံပါတ်၊ အီးမေးလ် နှင့် နေရပ်လိပ်စာများအတိုင်း ဆက်သွယ်နိုင်ကြပါသည်။ အလှုရှင်များ၊ လှူဒါန်းငွေအသေးစိတ် နှင့် ခွဲစိတ်မှုကုန်ကျစရိတ်အားလုံးကို စာရင်းနှင့်တကွ ပြန်လည်တင်ပေးပါမည်။ မေးမြန်းစုံစမ်းလိုကြသောသူများအနေဖြင့် ယခု ဖေ့စ်ဘုတ်လိပ်စာကို မက့်ဆေ့ခ်ျပို့၍ မေးမြန်းနိုင်ကြပါသည်။ ကျေးဇူးအထူးတင်ရှိပါသည်။
ကလေးရေ အားတင်းထားပါ
Dec 3, 2011
ကလေးရေ အားတင်းထားပါ
THE VOICEMYANMAR မူရင်းသတင်း
ရေနစ်နေသူအတွက်တော့ ကောက်ရိုးတမျှင်ကလည်း အားကိုးရာပါ၊
ဝေဒနာခံစားနေရတဲ့ကလေးအတွက်တော့ ကျွန်တော်တို့ရဲ့  မေတ္တာ၊ဂရုဏာ၊စေတနာက သူ့ရဲ့ အားကိုးရာပါ၊
သူငယ်ချင်းတို့ ရေ
သူငယ်ချင်းတို့ရဲ့ ဆေးလိပ်တလိပ်
သူငယ်ချင်းတို့ရဲ့ ကွမ်းရာတရာ
သူငယ်ချင်းတို့ရဲ့ ဘီယာတဗူး
သူငယ်ချင်းတို့ရဲ လက်ဖက်ရည်တခွက်
သူငယ်ချင်းတို့ရဲ အချိုရည်တဗူး
သူငယ်ချင်းတို့ရဲ လက်သည်းဆိုးဆေးတဗူး
သူငယ်ချင်းတို့ရဲ့  နူတ်ခမ်းနီလေးတတောင့်
သူငယ်ချင်းတို့ရဲ့ ဆံညှပ်ကလေးတခု
သူငယ်ချင်းတို့ရဲ့  ခေါင်းစီးကြိုးလေးတခုရဲ့ တန်ဖိုးရယ်
တခြားသော သူငယ်ချင်းတို့ရဲ့ တနေ့တာ သုံးစွဲမဲ့အသုံးလေးက၊ကလေးတယောက်ရဲ့ အသက်တချောင်းကို ကယ်တင်ဖို့ အတွက်အထောက်အကူအများကြီးဖြစ်နိုင်တယ်ဆိုတာသူငယ်ချင်းများသိမြင်ခံစားနိုင်ပါစေ။
သူငယ်ချင်းတို့မှာလည်း မိသားစုရှိမယ်၊ညီအစ်ကိုမောင်နှမရှိမယ၊် တူတူမတွေရှိမယ်၊ဆွေမျိုးသားချင်းရှိမယ။်
ရပ်ဆွေရပ်မျိုးဆိုတာရှိမယ်၊သူငယ်ချင်းအပေါင်းအသင်းရှိမယ်၊သူတို့တွေထဲက သူတို့တွေရဲ့ကလေးတစ်
ယောက်ခုလို့ အဖြစ်မျိုးနဲ့ ကြုံနေရရင် သူငယ်ချင်းတို့ ပြုံးပျော်နိုင်မလား။ခံစားနေရမယ်ဆိုတာ ကျွန်တော်အပါအဝင် အားလုံးကိုယ်စီသိနှင့်ပြီးသားပါ။
မေတ္တာရပ်ခံချင်တာက………..
တရက်လောက် ဆေးလိပ်မသောက်ပဲ
တရက်လောက် ကွမ်းမစားပဲ
တရက်လောက် ဘီယာမသောက်ပဲ
တရက်လောက် လက်ဖက်ရည်မသောက်ပဲ
တရက်လောက် အချိုရည်မသောက်ပဲ
တခါလောက် လက်သည်းဆိုးဆေးမဝယ်ပဲ
တခါလောက် နူတ်ခမ်းနီမဝယ်ပဲ
တခါလောက် ဆံညှပ်မဝယ်ပဲ
တခါလောက် ခေါင်းစည်းကြိုးမဝယ်ပဲ
တခါလောက်၊တရက်လောက် တနေ့တာသုံးစွဲမဲ့ အသုံးလေးထဲကနေကူညီခဲ့မယ်ဆိုရင်.............
နှမ်းတစေ့နဲ့ ဆီမဖြစ်နိုင်ပေမဲ့ နှမ်းစေ့ပေါင်းများစွာစုမိကြမယ်ဆိုရင်တော့ ဆီပေပါတခုဖြစ်လာနိုင်သလို
ကျွန်တော်တို့ ရဲ့ နိုင်သလောက်လေး၊တခါလောက၊် တရက်လောက်က၊ဝေဒနာခံစားနေရတဲ့ကလေးလေးရဲ့ 
အသက်ဆက်ရှင်သန်ဖို့ အတွက်တော့တနှစ်လည်းပဲဖြစ်နိုင်တယ်၊တသက်လုံးလည်းဖြစ်နိုင်ပါတယ်။
ကူညီကြပါလို့ တိုက်တွန်းရင်း…………
မေတ္တာရပ်ခံရင်း………..
အမေ့သား
အမေ့သားဘလော့ဂ်မှ ကူးယူတင်ပြပါသည်။ အသက်တချောင်းကယ်တင်နိုင်ရန် မိမိနီးစပ်ရာ မိတ်ဆွေသူငယ်ချင်း အချင်းချင်း စုပေါင်းပြီး လှူဒါန်းကြပါရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။
ရေးသားသူ
ကလူသစ်
((( ရပ် )))
Sep 23, 2011
ဘယ်အဖွဲ့အစည်း၊ ဘယ်ပညာရှင်နဲ့မှ ဆွေးနွေးတိုင်ပင်နေစရာမလိုဘူး။ ငွေကုန်ခံပြီး ဘာမှ လေ့လာဆန်းစစ်နေစရာမလိုဘူး။ အချိန်ကုန်ခံနေစရာမလိုဘူး။ တရုတ်ပြည်က ကြိုက်တဲ့တရုတ်အရပ်သားတယောက်ကို " တရုတ်ပြည်မှာ ဒီလိုစီမံကိန်းကြီးတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးသွားတာရှိသလား " လို့ ရိုးရိုးလေး မေးလိုက်ပါ။ အဖြေသိပြီးသား မဟုတ်လား။ ဒါကြောင့် ဒီမြစ်ဆုံဆည်စီမံကိန်းကို အခုချက်ချင်းရပ်ပါ။ (((( ရပ် ))))
ဘယ်သူ့ကိုမှ မမေးရဲဘူးလား။ အဖြေကို ရင်မဆိုင်ရဲဘူးလား။ ကိုယ့်ကိုကိုယ် တိုးတိုးလေးမေးပါ။ တိုင်းပြည်အကျိုးစီးပွားအတွက်လား။ ကိုယ်ကျိုးစီးပွားအတွက်လား။ တိုင်းပြည်အကျိုးစီးပွားအတွက်ဆိုရင် ကျေးဇူးတင်ပါတယ်။ တသက်လုံး တိုင်းပြည်အကျိုးစီးပွားအတွက် လုပ်လာတာ တိုင်းပြည်လဲ ကျွန်စုပ်တဲ့သရက်စေ့လောက်တောင် ပြောင်ပြောင်ရောင်ရောင်မရှိတော့ဘူး။ ဒါကြောင့် ဒီမြစ်ဆုံဆည်စီမံကိန်းကို အခုချက်ချင်းရပ်ပါ။ ((( ရပ် )))
ကိုယ်ကျိုးစီးပွားအတွက်၊ မျိုထားတာတွေက လက်လွန်နေပြီဆိုပေမဲ့ အချိန်မနှောင်းသေးပါဘူး။ ဒါနဲ့ ဂဠုန်ဦးစော ဆိုတာသိလား။ မဆိုင်တဲ့ သူ့သားသမီးမြေးမြစ်တွေတောင် ဘယ်လိုနေထိုင်ရတယ်ဆိုတာ ကြားဖူးလား။ ဦးစောရဲ့သမိုင်းကို သူ့ပြောစကားတွေက ရေးသွားတာမဟုတ်ဘူး။ သူ့လုပ်ရပ်က ရေးခဲ့တာ၊ သူနဲ့သူ့အပေါင်းပါတွေအတွက် မှန်လှချည်ရဲ့၊ ကောင်းလှချည်ရဲ့ ဆိုပေမဲ့ တိုင်းပြည်ဘာဖြစ်သွားလဲဆိုတာနဲ့ တိုင်းတာခဲ့တာကို သဘောပေါက်ပါ။ ဒါကြောင့် ဒီမြစ်ဆုံဆည်စီမံကိန်းကို အခုချက်ချင်းရပ်ပါ။ ((( ရပ် )))
စစ်သားတွေ တချိန်လုံး ဂုဏ်ယူပြောဆိုနေကြတဲ့ စစ်ရေးအမြင်တို့၊ စီးပွားရေးအမြင်တို့ ဘယ်ရောက်သွားလဲ။ နဂိုထဲက ပြောကောင်းရုံလေးရှိတာလား။ ဒါမှမဟုတ် ကိုယ်ရည်စစ်ရေးအမြင်၊ ကိုယ်ကျိုးစီးပွားရေးအမြင်လား။ တိုင်းပြည်ရဲ့ အသက်သွေးကြော မြစ်ကြီးတခုလုံးကို သူတပါးလက်ထဲ ထည့်ပေးလိုက်တာဟာ မဟာစစ်ရေးအမြင်လား။ ရှယ်စီးပွားရေးအမြင်လား။ အရပ်သားအစိုးရဖြစ်သွားပြီလေလို့ လေပြေမထိုးနဲ့။ ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူကိုယ်စားလှယ်တွေဆိုရင် ပြည်သူရဲ့စကား နားထောင်ပါ။ ဒါကြောင့် ဒီမြစ်ဆုံစီမံကိန်းကို အခုချက်ချင်းရပ်ပါ။ ((( ရပ် )))
ဒီစီမံကိန်းဟာ ဘယ်လိုမှ မဖြစ်သင့်ဘူးဆိုတာ အချက်အလက်ပေါင်းများစွာရှိနေတယ်။ ဘာကြောင့်ဖြစ်သင့်တယ်ဆိုတာ ကိုယ့်အတွက် ဂွင်တည့်လို့ လုပ်တယ်ဆိုတာထက် တခြားဘာမှပိုစဉ်းစားလို့မရဘူး။ ဒါကြောင့် ဒီမြစ်ဆုံစီမံကိန်းကို အခုချက်ချင်းရပ်ပါ။ ((( ရပ် )))
ရေးသားသူ
ကလူသစ်
ရောဂါသည်
Sep 18, 2011
OK ။ စလိုက်ကြရအောင်။ တက်ရောက်လာတဲ့သူအားလုံး ((((( နိဟောင် )))))
အဲ့လေ... အဟမ်း အဟမ်း...
ခင်ဗျားတို့ သိထားဖို့က သမိုင်းဆိုတာရှိတယ်။
ဟိုဖက်ကလက်ညှိးထောင်နေတဲ့ကောင် ဒီမှာလူကြီးစကားပြောနေတယ်။ နောက်မှမေး။ အုတ်ကျင်းနားက သမိုင်းကိုပြောတာမဟုတ်ဘူး။ပုဂံဆိုတာကြားဖူးကြတယ် မဟုတ်လား။ လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်းလို့ ပြောကြတယ်။ လက်ညှိးထောင်ပြန်ပြီ။ ခင်ဗျားမေးမှာ ကျုပ်သိတယ်။ မုန့်စိမ်းပေါင်းနဲ့မတူဘူး။ ဒါက ဘုရားတွေကိုပေါင်းထားတာ။ အဲ့ဒီလှည်းဝင်ရိုးတွေလုပ်ဖို့ရာ သစ်လိုတယ်။ဘုရားတွေပေါင်းဖို့ရာ ထင်းလိုတယ်။ ဒီတော့ကာ သစ်ခုတ်ရင်း၊ ထင်းခုတ်ကြရင်း သစ်ပင်သစ်တောတွေ ပြုန်းတီးပြီး ခုလို လွင်တီးခေါင်ပြင်ဖြစ်နေတာ။ ဒါဟာ သမိုင်းပဲ။ ဒီသမိုင်းထဲကနေ သင်ခန်းစာယူရမယ်။
နောက်ပြီး ရှိသေးတယ်။ ဥတုရာသီ တောကိုမှီတဲ့။ ခင်ဗျားတို့နားမလည်ရင် ရှင်းပြမယ်။ ရာသီဥတုဆိုတာ သစ်ပင်သစ်တောတွေ အပေါ်မှာ မှီထားတယ်တဲ့။ ရှင်းရဲ့နော်။ သစ်ပင်သစ်တော နည်းပါးလာတဲ့အခါ ရာသီဥတုလဲ ပြောင်းလာတယ်လို့လဲ ပြောကြတယ်။ ပုဂံဖက်မှာဆို ပူပြင်းခြောက်သွေ့လာတယ်။ နောင်ဆို သဲကန္တာရတွေအထိ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဒါဟာ တိုင်းပြည်နဲ့လူမျိုးအတွက် ကြီးမားတဲ့အကျိုးကျေးဇူးတခုကို ဖြစ်ပေါ်လာစေတာပဲ။ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းဖြစ်ဖို့အကြောင်းဖန်လာတာပဲ။ မြန်မာတွေ ကံဇာတာတက်လာပြီလို့ ပြောလို့ရတယ်။ အထူးသဖြင့် ကျုပ်ရှိနေလို့လဲပါတယ်။ ဒါကြောင့် ဒီဖြစ်စဉ်ကို တဟုန်ထိုးအကောင်အထည်ပေါ်လာအောင် မဖြစ်ဖြစ်တဲ့နည်းနဲ့ စွမ်းအားရှိသမျှ အရှိန်မြှင့်ဆောင်ရွက်နေတယ်။ အထူးစီမံကိန်းကြီးများ အကောင်အထည်ဖေါ်ရေးအဖွဲ့ကြီးဖွဲ့ပြီးတော့ကို တိုင်းပြည်အတွက် မအိပ်မနေ ကျိုးစားဆောင်ရွက်နေတယ်။ ခုဆို တော်တော်ကို ခရီးရောက်နေပြီ။
အခုရှင်းလင်းပွဲခေါ်ရတဲ့အကြောင်းကလဲ ဒီစီမံကိန်းကြီးမှာပါဝင်တဲ့ စီမံကိန်းအစိတ်အပိုင်းတွေ ဖြစ်ပေါ်တိုးတက်လာနေတာကို ပြောပြဖို့ပဲ။ အခုနကပြောသလို တောကိုမှီတဲ့ကောင် မမှီနိုင်အောင် သစ်တောကြီးတွေကို အပြောင်ရှင်းနေတယ်။ ဒီနေရာမှာ တခု သတိပေးအုန်းမယ်။ သစ်ပင်တွေ ဟိုနားစိုက် ဒီနားစိုက်လုပ်နေတဲ့အဖွဲ့တွေရှိတယ် ကြားတယ်။ အရင်တုန်းက သစ်တပင်ခုတ် အချုပ် ၃လ သတိပေးဆိုင်းဘုတ်တွေကို ရွာနားတောစပ်က သစ်ပင်တွေမှာ ကပ်ထားကြတာ မှတ်မိတယ်မဟုတ်လား။ ခုလဲ သစ်တပင်စိုက် ထောင် ၆နှစ်လို့ သတိပေးချင်တယ်။ ဒီဆိုင်းဘုတ်ကိုတော့ ကပ်ထားစရာ သစ်ပင်မရှိတော့လို့ ဒီနေရာကပဲ သတိပေးရတာဖြစ်တယ်။ နိုင်ငံတော်အဆင့်စီမံကိန်းကြီးတွေကို ခုလိုအနှောင့်အယှက်ပေးတာဟာ ကြီးလေးတဲ့အပြစ်ဒဏ်ကို ခံရစေနိုင်တယ်။ နိုင်ငံတော်ပုန်ကန်မှု၊ အီလက်ထရောနစ်ဥပဒေတွေနဲ့ ပြင်းပြင်းထန်ထန် အရေးယူလို့ရတယ်ဆိုတာ သိစေချင်တယ်။
လိုရင်းပြန်ဆက်လိုက်ရအောင်။ အဟမ်း....။ တောရှင်းစီမံကိန်း ပြီးတော့ အခုနောက်ထပ် ဆက်စပ်စီမံကိန်းတခုက တောင်တွေဖြိုဖို့ပဲ။ ပြန်ထိုင်၊ ပြန်ထိုင်။ မမေးနဲ့။ ကျုပ်ကသိပြီးသား။ ထွက်လာတဲ့မြေကြီးတွေ စင်္ကာပူကို တင်ပို့မယ်။ ခင်ဗျားတို့ နားလည်အောင်ပြောရရင် ကွန်တိန်နာနဲ့တင်ပို့မှာ။ ဖက်နဲ့ထုတ်ပို့မယ်လို့ ထင်မှာ စိုးလို့ ကြိုပြောထားတာ။ ဘာကြောင့် တောင်ဖြိုရသလဲဆိုတာကို မကြာခင် နားလည်သွားလိမ့်မယ်။ OK?.. ကျုပ်တို့တတွေ ဘယ်လောက် အကြံဥာဏ်ကောင်းတယ်ဆိုတာ ကြုံတုန်းပြောလိုက်အုန်းမယ်။ တောင်ဖြိုစီမံကိန်းကို ကျောက်မျက်ရတနာထွက်တဲ့ဒေသတွေမှာ အရင်ဆုံးစတင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါမှ တောင်လဲပြို၊ ကျောက်မျက်လဲရ။ ဟန်မကျပေဘူးလား။ ခင်ဗျားတို့လဲ နောက်ဆို ဒီလိုတွေးတတ်ခေါ်တတ်အောင် ကျိုးစားကြဖို့ မှာကြားချင်တယ်။
နောက်ထပ်ဆက်စပ်စီမံကိန်းတခုမပြောခင်မှာ ခင်ဗျားတို့ကိုယ်တိုင် သဘောပေါက်နားလည်သွားအောင် လက်တွေ့သင်ခန်းစာတခုလုပ်ရအောင်။ ကျုပ်ကိုယ်တိုင် အကြိမ်ကြိမ်စမ်းသပ်ပြီးသား။ ကိုယ်တိုင်လုပ်ရင် သက်သက်ညှာညှာလုပ်ဖြစ်သွားမှာစိုးလို့ အိမ်နားက လျှောင်ကီးကို ၁ဒေါ်လာခွဲပေးပြီး စမ်းသပ်ခိုင်းခဲ့သေးတယ်။ တော်တော်ထိရောက်တယ်လို့ သုံးသပ်မိတယ်။ ကဲ စလိုက်ကြရအောင်။ အားလုံး ကိုယ့်လည်ပင်းကိုယ် အားရပါးရညှစ်ပြီး အသက်အောင့်နေကြ။ မညာနဲ့နော်။ စောင့်ကြည့်နေတယ်။ ........................ရပ်တော့ရပြီ။
ကဲ မေးခွန်းလေးနဲ့စမယ်။ သဲကန္တာရထဲမှာ ဘာပေါပေါများများမရှိဘူးလဲ။ ဟိုးထား.....မဖြေနဲ့ မဖြေနဲ့ ၊ ကျုပ်ကသိပြီးသား။ စကားအဖြစ်ပဲမေးတာ။ ရေဗျ ရေ ရေ။ ဒီတော့ ကျုပ်တို့စီမံကိန်းမှာ ရေရှိနေလို့မရဘူး။ ရေအရင်းအမြစ်ကို ပိတ်ဆို့ပစ်ရမယ်။ ဒါကြောင့်..... ဟိုမြစ်ဗျာ....ပါးစပ်ဖျားလေးတင် ကပ်မေ့နေတယ်....ဟိုဟာ ...အဲ့....ဟုတ်တယ်။ ခင်ဗျားပြောတာမှန်တယ်။ ဧရာဝတီ။ အဲ့ဒီဧရာဝတီဆိုတဲ့ မြစ်ကို လည်မြိုညှစ်လိုက်ရင်..........ဟဲ..ဟဲ....ဘာကြောင့်လုပ်ခိုင်းခဲ့တယ်ဆိုတာ သဘောပေါက်သွားကြပြီမဟုတ်လား။ ဒါကြောင့် ကျုပ်ပြောတာ ကျုပ်က သိပြီးသား။ ဘယ်တော့မှ မမှားဘူး။
အခုလိုရေအရင်းအမြစ်ကို ဖြတ်ပစ်ဖို့အတွက် အဲ့....ဘာလဲ.....ထားပါတော့ အခုနက သူပြောတဲ့မြစ်ကို လည်မြိုကနေ ဆည်ပိတ်ဆောက်လိုက်မယ်ဗျာ။ မကောင်းဘူးလား။ မလောနဲ့။ မလောနဲ့။ ရှိသေးတယ်။ ရေအားလျှပ်စစ်ပါထုတ်ဖို့ လုပ်ထားသဗျ။ ဘာအတွက်လဲ။ ဟုတ်စ။ ဆည်ဆောက်ရင် ငွေလိုတယ်ဗျ။ ငွေ၊ ငွေ။ ဟမ်။ ဘာ။ အော်...မဆောက်ရင် မလိုဘူးဆိုတာတော့ ဟုတ်တာပေါ့။ ခုဟာက တိုင်းပြည်အကျိုးအတွက်၊ အမျိုးသားစီးပွားအတွက်၊ အမျိုးသားရေးတာဝန်တရပ်အနေနဲ့ ကျုပ်တို့အမျိုးသားတွေက လုပ်နေရတာဆိုတာ နားလည်ကြဖို့လိုတယ်။ ဒီတော့ ဒီငွေက ဘယ်ကရမလဲမမေးနဲ့။ ခုဟာက ခင်ဗျားတို့နားလည်အောင်သာ လိပ်ပတ်လည်အောင် ပြောပြနေတာ။ ငွေပေးစရာမလိုဘူး။ ဒါကြောင့် ဆည်နဲ့အတူ ရေအားလျှပ်စစ်ပါထုတ်ပြီး ရတဲ့လျှပ်စစ်ကို ကျုပ်တို့နဲ့စီးပွားဖက် တရုတ်နိုင်ငံကို ဆည်ဆောက်ခအနေနဲ့ အလကားပေးလိုက်ရုံပဲ။ ကဲ ကြည့် ကျုပ်တို့ ဆည်ကြိးတွေအားလုံးကို အလကားမရလိုက်ပေဘူးလား။ ဒါကြောင့်ပြောတာ ကျုပ်ရှိနေတာ တိုင်းပြည်ကံကောင်းတယ်လို့။ ဒီခေါင်းဗျ။ ဒီခေါင်း။ သေချာမှတ်တမ်းတင် ဓာတ်ပုံရိုက်ထား။ အော် ကျုပ်တို့ကိုလဲ နဲနဲပါးပါးစွန့်ကြဲမှာပေါ့။ သူတို့က မရိုင်းတတ်ပါဘူး။
သိပါတယ်။ ကျုပ်သိပါတယ်ဆိုနေ။ မီးမလင်းသေးတဲ့နေရာတွေ အများကြီးရှိသေးတယ်။ ကျုပ်သိတယ်။ ကျုပ်နဲ့တော့ တိုက်ရိုက်မဆိုင်ဘူးနော်။ ကျုပ်တို့ဖက်ကတော့ လျှံတောင်ကျနေသေး။ ဒါပေမဲ့ တခါထဲ ကိစ္စပြတ်သွားအောင် ကျုပ် ရှင်းပြပေးမယ်။ လျှပ်စစ်တွေကို လိုအပ်တဲ့နေရာရောက်ဖို့အတွက် ဘာလိုလဲ။ ငွေလိုပြန်တယ်။ ဟုတ်တယ်။ ဟာ..........လျှပ်စစ်ရုံးကကောင်တွေကိုပေးရတဲ့ငွေကို ပြောတာမဟုတ်ဘူးဗျ။ ခင်ဗျားနှယ်။ မီးလိုင်းတွေဆွဲဖို့၊ တာဝါတိုင်တွေထူဖို့ ငွေလိုတယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲရင်၊ တောထူရင်၊ တောင်မြင့်ရင် ပိုပြီးခက်ခဲမယ်၊ အကုန်အကျများမယ်။ အဲ့ဒီမှာ ကျုပ်တို့လုပ်နေတဲ့ စီမံကိန်းကြီးက ဘယ်လောက်အရေးကြီးတယ်ဆိုတာ ထပ်ပြီး ထင်ရှားလာပြီ။ တောမရှိ၊ တောင်မရှိ၊ အတားအဆီးမြစ်ပြင်ကြီးတွေမရှိ၊ ပကတိ လွင်တီးခေါင်ပြင်။ မီးလိုင်းတွေ ကြိုက်သလို ဆွဲစမ်းပါလေ့။ ဟုတ်ပြီလား။ ကမ္ဘာပြားပြီလို့ ပြောပြောနေတဲ့ကောင်တွေကိုတောင် ခေါ်ပြလိုက်ချင်သေးတယ်။ ကျုပ်တို့က လေနဲ့လုပ်နေတာမဟုတ်ဘူး။ လက်တွေ့ကို ပြားပြားပြန့်ပြန့်ပြူးလို့။
ကျုပ်တို့ရဲ့ စီမံကိန်းကြီးကို Great Desert Project (GDP) လို့ နာမည်ပေးထားတယ်။ ခင်ဗျားတို့ နားလည်အောင်ပြောရရင် မဟာသဲကန္တာရစီမံကိန်းကြီးပေါ့ဗျာ။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော သဲကန္တာရနိုင်ငံတော်ကြီး ဖြစ်လာအောင် ကျုပ်တို့ ဘယ်လောက်အားထုတ်ကြိုးပမ်းရတယ်ဆိုတာ သိစေချင်လို့ ပြောပြနေတာ။
ဟိုတယောက် ပါးစပ်တပြင်ပြင်နဲ့ ဘာမေးချင်လို့လဲ။ မေး။ ဘာ....ဘာလို့ သဲကန္တာရနိုင်ငံတော်ကြီးလုပ်ချင်တာလဲ ဟုတ်လား။ မေးတတ်တယ်။ ကျုပ်ကလဲ အကုန်သိနေတာဆိုတော့ ရှင်းပြချင်နေတာနဲ့ အတော်ပဲ။ အခု ဘယ်နှစ်ရာစုနှစ်ရောက်နေပြီလဲ ခင်ဗျားသိလား။ ကျုပ်သိပါတယ်။ ခင်ဗျားကို စမ်းကြည့်တာ။ ဟုတ်တယ် ၂၁ရာစု။ ဒီလိုခေတ်ကြီးထဲမှာ ကိုယ့်ဘာသာကိုယ်ပဲ ငုံကြည့်ပြီး ကျေနပ်နေလို့မရဘူးဗျ။ ကမ္ဘာကို ကြည့်ရတယ်။ ကမ္ဘာနဲ့ ယှဉ်ပြီးတွေးရတယ်။ ခင်ဗျား အရှေ့အလယ်ပိုင်းနိုင်ငံတွေ ဆော်ဒီတို့၊ ကာတာတို့၊ ကူဝိတ်တို့ ဘာလို့ချမ်းသာနေလဲ သိလား။ ဘာလို့ တခြားနိုင်ငံကြီးတွေက လေးလေးစားစား ဂရုတစိုက် ဆက်ဆံနေကြလဲသိလား။ ရေနံဗျ ရေနံ။ အခုနကမြစ်ထဲက ဘာအနံ့မှမရှိတဲ့ ရေထက် တန်ဖိုးအများကြီးရှိတဲ့ ရေနံ။ သူတို့နိုင်ငံတွေ သွားကြည့်လိုက်။ တောမရှိ၊ တောင်မရှိ၊ မြစ်မရှိ ဗလာနတ္ထိ။ သဲကန္တာရပဲရှိတယ်။ ဒီလောက်ဆို သဘောပေါက်ပြီ မဟုတ်လား။ သဲကန္တာရတွေ ရှိနေလို့ ရေနံရှိတာ။ရေနံသာရှိလို့ကတော့ အနုမြူဗုံးကိုင်ထားတာထက်တောင် စိတ်ချရသေးတယ်မှတ်။ ဒါကြောင့် ကျုပ်တို့နိုင်ငံမှာ သဲကန္တာရတွေ များများနဲ့ မြန်မြန်ပေါ်ထွက်လာအောင် ကြိုးပမ်းနေရတာ။ ဒါမှ နိုင်ငံဂုဏ်သိက္ခာတက်လာမှာ။ လူလေးစားလာမှာ။
လုပ်ငန်းတခုလုပ်တယ်ဆိုတာ အကျိုးဘယ်လောက်ရှိလဲ၊ အပြစ်ဘယ်လောက်များလဲ မလုပ်ခင် စဉ်းစားဝေဖန်သုံးသပ်လေ့လာရတယ်ဗျ။ ကျုပ်သိတာပေါ့။ ခင်ဗျားတို့ စဉ်းစားကြည့်စမ်း။ သဲကန္တာထဲမှာဆိုတော့ လမ်းတွေလဲ အထူးတလည်ဖောက်စရာမလိုတော့ဘူး။ ဂိတ်ကြေးပေးစရာလဲမလိုတော့ဘူး။ မြစ်ပြင်ကြီးတွေမရှိတော့ မြစ်ကူးတံတားတွေလဲ ဆောက်စရာမလိုတော့ဘူး။ ဒီတော့ သယ်ယူပို့ဆောင်ရေးစရိတ်ကျပြီး ပြည်သူတွေ သက်သက်သာသာနဲ့ မစားသုံးရပေဘူးလား။ ဒီလောက်ဆို ကျုပ်တို့ဘယ်လောက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့တယ်ဆိုတာ သဘောပေါက်ရောပေါ့။ မြစ်ရေကြီးလို့ အိုးအိမ်တွေလဲ မဆုံးရှုံးတော့ဘူး။ ရေနစ်သေတာလဲ မရှိတော့ဘူး။ နေရာအနှံ့ လျှပ်စစ်မီးလိုင်းတွေလဲ အလွယ်တကူရောက်လို့။ မကျေနပ်ရင် နေအားလျှပ်စစ်တောင် အလွယ်တကူထုတ်လို့ရသေးတယ်။ ပင်လယ်ဖက်က ရေငန်တွေတက်လာတဲ့အခါမှာလဲ ဆားချက်ပြီး ရောင်းစားယုံပဲ။ ဆားချက်တောင်သူတွေရဲ့ စားဝတ်နေရေးလဲ ဖူလုံလို့။ ဘယ်မှာလဲ အပြစ်။ အဟင့် ဟင့် ဟင့် ရွှတ်....ဖတ်။ မဟုတ်ပါဘူးဗျာ။ မကြာခင် ခေတ်မှီတိုးတက်လာမဲ့နိုင်ငံတော်ကြီးကို စဉ်းစားမိတာနဲ့ ၀မ်းသာ မျက်ရည်တွေကျလာတာပါ။ ၀မ်းသာလွန်းလို့ မျက်ရည်များတွေလည်ရှာတယ်ပေါ့ဗျာ။
အဟမ်း။ ကဲ ကဲ ရှင်းစရာတွေလဲ ရှင်းပြီးပြီ။ ရှင်းရှင်းလင်းလင်း သိရောပေါ့။ ခင်ဗျားတို့ ရပ်ကွက်ထဲမှာ၊ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ၊ ဘီယာဆိုင်မှာ၊ ဆွေးနွေးပွဲတွေမှာ လူတကာ ဟိုပြောဒီပြော ရောဂါထနေတာကို မယုံကြနဲ့။ ကျုပ်ထက်သိတဲ့ကျုပ်တောင် ကျုပ်လောက်မသိဘူး။ အကုန်သိ အကုန်တတ် ဟုတ်ပြီလား။
ရှင်းလင်းပွဲကို ဒီမှာပဲ ရပ်လိုက်မယ်ဗျာ။ ကျုပ်က ရွာသာကြီးအထိပြန်ရမှာဆိုတော့ ဝေးတယ်။ စောစောသိမ်းမှ။
အားလုံး ရှဲရှဲနီ။
(Bloggers for Ayeyarwady အတွက်ရေးဖြစ်တာ ပြန်ရှယ်လိုက်ပါတယ်)

Subscribe to:
Posts (Atom)